ဆီးချိုနှင့် စိတ်ဖိစီး၊ စိတ်ဓာတ်ကျခြင်း သံသရာ
ဆီးချိုဆိုတာ ကမ္ဘာပေါ်မှာ အဖြစ်များတဲ့ ရောဂါတစ်ခုပါ။ အဖြစ်များသလို သွေးတွင်းသကြားဓာတ်ကို မထိန်းနိုင်ရင် နောက်ဆက်တွဲဆိုးကျိုးတွေလည်း များလှတဲ့ ရောဂါပါ။ စားချင်တာမစားရ၊ သွေးဖောက်စစ်ရ၊ တချို့ဆိုရင် အင်ဆူလင်ပုံမှန်ထိုးရ၊ ဆရာဝန်ပုံမှန် ပြရနဲ့ ဒီကြားထဲ နှလုံးရောဂါပါရှိလာရင်၊ ကျောက်ကပ်က မကောင်းတော့ရင်၊ အာရုံကြောထိခိုက်ကာ ခြေလက်တွေထုံကျဥ်ပြီး အနာတွေမကျက်ရင် ငါ့ဘဝကြီးကတော့ သွားပါပြီဆိုပြီး စိတ်ဓာတ်ကျ၊ စိတ်ဖိစီးလာတတ်ပါတယ်။
စိတ်ဖိစီးလာတဲ့အခါ ခန္ဓာကိုယ်ထဲမှာ Adrenaline နဲ့ Cortisol ဟော်မုန်းတွေ များလာပါမယ်။ Adrenaline တွေက အသည်းကနေ ဂလူးကိုစ့်သကြားဓာတ်တွေ ပိုမိုထွက်လာစေသလို Cortisol တွေ များလာရင် Insulin ခုခံမှုဖြစ်ပြီး (ခန္ဓာကိုယ်ဆဲလ်တွေက အင်ဆူလင်ကို မတုံ့ပြန်တော့တာ) သွေးတွင်းသကြားဓာတ် ပိုတက်လာနိုင်ပါတယ်။ ဒီလိုနဲ့ လုံးလည်ချာလည်လိုက် နေပါလိမ့်မယ်။
ဆီးချိုရောဂါရှင်တွေ စိတ်ဖိစီးမှုကို ဘယ်လိုလျှော့ချမလဲ?
ရောဂါဝေဒနာ ခံစားရတဲ့အခါ စိတ်တို၊ စိတ်ဓာတ်ကျမိတာက ပုံမှန်ပါပဲ။ ဒါပေမယ့် ကြာရှည်စိတ်တို၊ စိတ်ဓာတ်ကျနေရင် ဆီးချိုရောဂါက ပိုဆိုးလာပါလိမ့်မယ်။
- ကိုယ့်စိတ်ကို ဆန်းစစ်ပါ။ ရောဂါမဖြစ်ချင်ဘဲ ဖြစ်လာရပြီဆိုရင် ရောဂါနဲ့အတူ အကောင်းဆုံး ယှဥ်တွဲနေနိုင်အောင် ကြိုးစားသင့်ပါတယ်။ စိတ်ကို တည်ငြိမ်အောင်ထားပါ။
- မကြိုက်ပေမယ့်လည်း ကျန်းမာရေးနဲ့ ညီတဲ့အစားအစာဆိုရင် စားပါ။ ဘယ်လောက်ပဲကြိုက်ကြိုက် မတည့်တဲ့ အစားအစာဆိုရင် ရှောင်ပါ။ စားဖို့အသက်ရှင်နေတာ မဟုတ်ဘဲ အသက်ရှင်ဖို့ စားနေတယ်ဆိုတာကို သတိရပါ။
- ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်တာက ဆီးချိုရောဂါအတွက် ကောင်းသလို စိတ်ဖိစီးမှု လျော့စေပြီး တက်ကြွလန်းဆန်းစေပါတယ်။ လမ်းများများ လျှောက်ပါ။
- ပုံမှန် ကျန်းမာရေးစစ်ဆေးပါ။ ဆေးပုံမှန်သောက်ပါ။ အင်ဆူလင်ထိုးဖို့လိုရင် မမေ့မလျော့ဘဲ ထိုးပါ။ သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်ပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေကို တားဆီးနိုင်ရင် လူလည်းကျန်းမာပြီး စိတ်ဖိစီးမှုလည်း လျော့လာပါလိမ့်မယ်။
- မငြင်းဆန်ဘဲ လက်ခံပါ။ ဆီးချိုရောဂါကို ပျောက်ကင်းအောင် ကုသနိုင်တဲ့ဆေး မရှိသေးဘူး ဆိုတာရယ်၊ သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းနိုင်ပါမှ နောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်နိုင်မှာ ဆိုတာရယ်ကို နှလုံးသွင်းပြီး ကျန်းမာရေးကို ဂရုစိုက်ဖို့ လိုပါတယ်။
- အချိုတွေ၊ အဆီအစိမ့်တွေ နည်းနည်းပဲစားတာ ဘာမှမဖြစ်လောက်ပါဘူး ဆိုတာမျိုး၊ ဆေးမသောက်လည်း နေလို့ကောင်းနေတာပဲ ဆိုတာမျိုး၊ အနာဖြစ်နေတာက သူ့ဘာသာကျက်သွားမှာပါ ဆိုတာမျိုးတွေနဲ့ မိမိစိတ်ကို လှည့်စားနေရင် ရောဂါက ပိုဆိုးလာပြီး စိတ်ဖိစီးလာမှာပါ။
- အသက်ရှူလေ့ကျင့်ခန်း လုပ်တာ၊ တရားထိုင်တာ တွေကလည်း စိတ်ကို တည်ငြိမ်စေပါတယ်။
- လိုအပ်ရင် စိတ်ကျန်းမာရေးဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး အကူအညီရယူဖို့ မရှက်ပါနဲ့။
ခန္ဓာရှိရင် ဝေဒနာတွေက ရှိနိုင်တာပါပဲ။ ဆီးချိုရောဂါ ရှိလို့ စိတ်ညစ်၊ စိတ်ဓာတ်ကျမနေဘဲ ရောဂါနဲ့အတူ အကောင်းဆုံး ယှဥ်တွဲနေထိုင်ရင်း ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်